နေပြည်တော်၊ ဇွန် ၂
မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိနေသည့် လှေစီးပြောင်းရွှေ့သူများ အတွက် မြန်မာအစိုးရ အနေနှင့် ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။
ယင်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇွန်လ ၂ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးသို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသောကြောင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းက ကြေညာခဲ့သည်။
ယင်းအဆိုတင်သွင်းသူ ဦးလှဆွေက “တစ်ဖက်နိုင်ငံက တစ်ဆင့် မြန်မာရေပြင်ကို ဝင်ရောက်လာလို့ မကြာခဏ ဖမ်းမိတဲ့ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိပါတယ်။ သူတို့တွေကို လှေစီးတဲ့သူတွေလို့ပဲ ခေါ်ပြီး ဒုက္ခသည်တွေလို့ နိုင်ငံတကာက မသုံးနှုန်းပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့နဲ့ နိုင်ငံ တကာအဖွဲ့အစည်းတချို့က ဒုက္ခသည်တွေလို့ သုံးနှုန်းနေတာဟာ ပိုမို ဝင်ရောက်လာစေဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်” ဟု ပြောဆိုသည်။
ယင်းကိစ္စကို ကုလသမဂ္ဂအဖွဲ့ဝင် အချို့အနေနှင့် မြန်မာအစိုးရ ကိုသာ ဖိအားပေး ပြောဆိုမှုများသည် အလွန် စိတ်ပျက်ဖွယ်ကောင်းနေပြီး အစိုးရအနေနှင့် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း ပြန်လည်ငြင်းဆိုမှုကို ပိုမိုအားဖြည့် ဆောင်ရွက်စေလိုသောကြောင့် ယခုကဲ့သို့အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ခဏကနေ ကြာသွားရင် မူလက မရှိတဲ့ တိုင်းရင်းသား အယောင်ဆောင် လူအုပ်စုတစ်စုနဲ့ ပူးပေါင်းသွားမှာ စိုးရိမ်ကြတာဖြစ်ပါတယ်။ ဒီတိုင်းရင်းသား အယောင်ဆောင် ပြဿနာဟာလည်း နိုင်ငံ တကာပြဿနာ အဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ္တဆိုတဲ့စကားကို တိတိကျကျ သတ်မှတ်သင့်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းလှေစီးသူများကို စတင်တွေ့ရှိသော မြန်မာ့ပင်လယ် ရေပိုင်နက်၌ပင် ပဏာမစစ်ဆေးပြီး တစ်ဖက်နိုင်ငံ ရေပိုင်နက် သို့မဟုတ် နိုင်ငံတကာ ရေပိုင်နက် ဆီသို့ အစာရေစာ၊ ရိက္ခာထောက်ပံ့ဖြည့် ဆည်းကာ စောင့်ကြပ် ပို့ဆောင်ပေးလိုက်ပါက ပိုမိုသင့်လျော်တဲ့နည်းလမ်း ဖြစ်ကြောင်း ဦးလှဆွေက ဆိုသည်။
“ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၇၀၀ ကျော် လူအုပ်စုဟာ လာရင်းဒေသကို ပြန်ပို့ပေးဖို့ သူတို့ကိုယ်တိုင် တောင်းဆိုနေကြောင်း သိရတဲ့အတွက် စားရေရိက္ခာ ပံ့ပိုးပေးပြီး တစ်ဖက်နိုင်ငံ ရေပိုင်နက်နယ်နိမိတ်ထိ လိုက်ပါ ပို့ဆောင်ပေးသင့်ကြောင်း ဆွေးနွေးလိုပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီ နိုင်ငံကြီးများဖြစ်သော အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ကျင့်သုံးခဲ့သော ခိုးဝင်လာသူများကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ပစ်ခတ်ရှင်းလင်းသည့် နည်းလမ်းကို သုံးပြီး ပြတ်ပြတ်သားသား ဆောင်ရွက်သွားပါက ခိုးဝင်လာသူ အရေအတွက် စိတ်အေးရမည် ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားသည်။
ယင်းခိုးဝင်လာသူများသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အနေကြာလာပါက နိုင်ငံသား ဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများ ခေါင်းမြီးမခြုံပါက ကြိမ်ဒဏ်ရိုက်ခံရမည့် ဥပဒေများ တင်သွင်းလာမည်ကိုပင် စိုးရိမ်မိကြောင်း ဦးလှဆွေက ဆိုသည်။
ယင်းအဆိုကို တက်ရောက်လာသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၉၁ ဦးဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ၁၈၄ ဦးက ထောက်ခံခဲ့သဖြင့် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းက ကြေညာခဲ့သည်။
အဆိုပါ လှေစီးဒုက္ခသည်များသည် လတ်တလောအခြေအနေတွင် အနေအစား ဆင်းရဲခြင်းနှင့် ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကာ အသက် သေဆုံးသည်အထိ ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် အဆိုပါဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်သောင့်သက်သာ နေထိုင် နိုင်ရေးတို့ကို နိုင်ငံတကာ အကူအညီများ ယူကာ အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုကြောင်းလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုရေး ပဋိပက္ခများကို ဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူ များ ရှောင်ကြည့်ရေးတို့ကို အလေးထား ရန် NLD က တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအတွင်းတွင် မေလ ၂၁ ရက်နေ့က ဘင်္ဂါလီလူမျိုး ၂၀၀ ကျော် ပါဝင်သော စက်လှေတစ်စီးကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် မေလ ၂၉ရက်နေ့တွင် ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက် အတွင်းတွင် ဘင်္ဂါလီ ၇၀၀ ကျော်ပါဝင်သော ငါးဖမ်းသင်္ဘောတစ်စင်းကို ထပ်မံ ဖမ်းဆီးရမိသည်။
The Voice

0 comments:
Post a Comment