အမေရိကန်သမ္မတ ဟောင်း George Bush senior ရဲ့ သားလည်းဖြစ် သမ္မတ ဟောင်း George W Bush ရဲ့ ညီလည်း တော်စပ်သူ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ် ရေးမှူးဟောင်း Jeb Bush က လာမဲ့ သမ္မတ ရွေးကောက်ပွဲ အတွက် ရီပတ်ဘလီကင် ပါတီ ကနေ အမည်စာရင်း တင်သွင်း ပြီး သမ္မတလောင်း ရွေးပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် မဲ့ အကြောင်း မနေ့ က တရားဝင် ကြေညာလိုက်ပါပြီ။
ရီပတ်ဘလီကင် ပါတီ ထဲက သူ နဲ့ ပြိုင်အရွေးခံ မဲ့သူ ကိုယ်စားလှယ် ပေါင်း ၁၁ ဦး အမည် စာရင်း တင်သွင်း ထားတဲ့ အနက် သူ အကြိတ်အနယ် ယှဉ်ပြိုင်ရမဲ့ သူ နှစ်ဦး ကတော့ Wisconsin အုပ်ချုပ်ရေးမှူး စကော့ ဝေါလ်ကာ နဲ့ Florida ပြည်နယ် ဆီးနိတ် အမတ် မာကို ရူဘီယို ဖြစ်ပါတယ်။
အခုလို ပါတီ ကိုယ်စားပြု သမ္မတ လောင်း ဝင် အရွေးခံရေး တရားဝင်ကြေညာ လိုက် အပြီး၊ အမေရိကန် ပြည်ထောင်စု အတွက် သူတာဝန်ယူပေးမဲ့ အပိုင်း ကို ပြောဆိုရာမှာ လက်ရှိသမ္မတ အိုဘားမား၊ ဒီမိုကရက် ပါတီ မှ သမ္မတ လောင်း ဝင်အရွေးခံ ဖို့ရှိတဲ့ ဟီလာရီ ကလင်တန် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့ လုပ်ဆောင်ချက်တွေ မပီပြင်တာကို ထောက်ပြရာမှာ သူတို့ အုပ်စု ရဲ့ နိုင်ငံခြားရေး မူဝါဒ ဟာ အကြမ်းဖက်မှု တွေ ကို မတွန်းလှန်နိုင်သလို ဘယ်သူ ရန်သူ မှန်းလည်း မသိ၊ မှီခို အားထားရမဲ့ မိတ်ဆွေ လည်း မရှိ၊ မဟာမိတ် ဆိုရာ မှာလည်း အတွင်းရေးကိစ္စ တိုင်ပင် လို့ မရတဲ့ ဆိုးမွေ တွေ ကျန်ခဲ့မှာ ဖြစ်တဲ့ အတွက် သူ့အနေနဲ့ ဒီအားနည်းချက်တွေ ကို လျော့ပါးအောင် လုပ်နိုင်တယ် လို့ ဖလောရီဒါပြည်နယ် မိုင်ယာမီ မြို့မှာ ပြောခဲ့တာပါ။
အဲဒီ အတွက် လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ကျရင် ယခင် သမ္မတ Bush မိသားစု နဲ့ သမ္မတ ကတော် Clinton တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကြဖွယ် ရှိတဲ့ အကြောင်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် အန်ထော်နီ ဇာခါ က ပေးပို့လိုက်ပါတယ်။

0 comments:
Post a Comment