မနေ့က ဆူးလေကနေ မြောက်ဒဂုံကို ၂၅၅ လိုင်းကားနဲ့ ပြန်လာတယ်။
ညနေ ၅ နာရီလောက်မှာပါ။ တနင်္ဂနွေ ဆိုတော့ လူနည်းတော့
ထိုင်ခုံလေးရပြီး စီးလာပါတယ်။
တစ်လမ်းလုံး စပယ်ယာရဲ့ ငေါက်ငမ်းတဲ့ လေသံကို မကြားချင်ယောင်ဆောင်ခဲ့ရတယ်။ ဘာမှ ထမပြောနိုင်တဲ့ဘ၀။ တစ်လော
က သူတို့လိုင်းကားကို ကျော်တက်လို့ ဆိုပြီး စပယ်ယာတွေ အချင်းချင်း ထိုးလိုက် ရိုက်လိုက်ကြတာ မြင်မကောင်းဘူး။ မင်းမဲ့ တိုင်းပြည်လို
ဖြစ်နေ တော့တာပဲ။
ကားတစ်စီးလုံး လူပေါင်း ၃၀ လောက်ပါမှာပေါ့။ စပယ်ယာတစ်ယောက် ငေါက်ချင်သလို ငေါက်နေတာကို ဘာတစ်ခုမှ ပြန်မပြောကြတာ
မြန်မာတွေရဲ့ ဓလေ့တစ်ခု ဖြစ်သွားပါပြီ။
အကြောက်တရားတွေကြားမှာ လူဖြစ်လာရပြီးတော့ ငြင်းချက်ပြန် မထုတ်နိုင်အောင် စနစ်တကျ ဖျက်ဆီးထားတဲ့ နိုင်ငံသားတွေ
ထဲမှာ ကျွန်တော်လည်း ပါနေတာပဲလေ။
ထုံးစံအတိုင်းဆိုရင် ၂၅၅ လိုင်းကားဆိုတာ မြောက်ဒဂုံအထိ
သွားတာပါ။ ခုတော့ ဥက္ကလာဘုရား ကျော်တော့ မြင်သာဈေးမှတ်
တိုင်မှာ ဂိတ်ဆုံးပြီနော်ဆိုပြီး စပယ်ယာက အော်တော့တယ်။ မြင်သာဈေးရောက်တော့လည်း ကဲ .. ဂိတ်ဆုံးပြီး အားလုံးဆင်းကြဆိုပြီး မောင်းချတော့တယ်။ ကိုင်း .. ဘာပြောရဲသလဲဗျာ။ ဆင်းဆိုတော့ လည်း ဆင်းကြရတော့တာပါပဲ။
ခု ကျွန်တော်တို့လည်း စပယ်ယာကို ကြောက်နေရတာပဲ။ တိုင်းပြည်က ကြောက်နေရတဲ့ အထဲမှာ လူဖြစ်နေကြ ရတာ။ လှိုင်သာယာမှာလို အုပ်စုနဲ့ လာပြီး ဓားနဲ့ထိုးသွားမှာလည်း ကြောက်ရတယ်ဗျ။ ခြောက်လောင်းပြိုင် လူသတ်မှုလို လက်သည်မပေါ်ဘဲ သေသွားမှာလည်း ကြောက်ရတယ်။ ရန်ကင်းကလို ထောင်ထွက်က မသေမချင်း ဓားနဲ့ထိုးသတ်မှာကိုလည်း ကြောက်ရတာပဲဗျ။
ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀ လုံခြုံမှုကတဖြည်းဖြည်း နည်းလာ
သလိုပဲ။ အစိုးရက အားလုံးကိုကြောက်ရ။ ပြည်သူက ကြမ်းပိုးသူခိုးကိုကြောက်ရ။ လမ်းသွားရင် အောက်ငုံ့သွားရတယ်။ ဘယ်သူ့မျက်နှာမှ မကြည့်ရဲဘူး။ တော်ကြာ မင်းကမိုက်လို့လားဆိုပြီး ဓားနဲ့ခုတ်မှာလည်း ကြောက်ရတယ်ဗျ။
နှစ်ပေါင်း ၅၀ ကျော်လောက် အကြောက်တရားတွေကြားမှာ လူဖြစ်လာကြရတယ်။ ကြောက်ပြီးတော့ ထိတ်လန့် နေမှ စိုးမိုးအုပ်ချုပ်ထားလို့ရမှာဆိုတော့ ကြောက်စရာ ပတ်ဝန်းကျင်နဲ့ ထိတ်လန့်စရာ လူနေမှုတွေကို စနစ်တကျ ဖန်တီးထားတော့ ကြောက်နေရတာပေါ့။
သောကတွေကြားမှာ လူဖြစ်ခွင့်နေကြရတဲ့ သူတွေဟာ မိုးလင်း
ကတည်းက ကားပိတ်ပြီး ရုံးမမီမှာလည်းကြောက်ရ၊ ကားစီးလည်း စပယ်ယာဟောက်တာကြောက်ရ၊ ရုံးရောက်တော့လည်း ရှင်းပြခွင့်မရ အထက်အရာရှိက ဟောက်မှာကိုကြောက်ရ၊ အချိန်မမီလို့ လစာဖြတ်မှာ လည်းကြောက်ရ၊ ကုန်ဈေးနှုန်းတက်မှာကြောက်ရ၊ ဖုန်းခွန်ကောက်မှာကြောက်ရ၊ မီတာခတက်မှာကြောက်ရ၊ အပြန် ကားမရမှာ ကြောက်ရ၊ ဟိုကြောက်ရ … ဒီကြောက်ရ .. အကြောက်တရားတွေကြားမှာ လူဖြစ်ခွင့်ရနေတာကလည်း နောက်ဆုံးတော့ ကြောက်နေရပါလား အရပ်ကတို့ …
Credit to Tin Nyunt

0 comments:
Post a Comment